Sunday, May 6, 2012

ပြတ်တောက်သွားတဲ့ သံယောဇဉ် ကြိုးတမျှင်


မတည်မြဲခြင်းတရားတွေ ဖျတ်ခနဲ ပေါ်လာ ဖျတ်ခနဲ ပျောက်သွားလောက်အောင် အချိန်တွေ ဒလဟော မြန်ဆန်နေတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးမှာမှ ကျမတို့တွေ လူအဖြစ်ကို ရခဲ့ကြတာကိုပဲ တရား မရနိုင်သေးဘဲ လက်ရှိ ပစ္စုပ္ပန်လေးတွေမှာ ကုပ်ကတ် ပျော်မွေ့ရင်း ဒုက္ခတွေကို သုခ အချိုရည်လေး ကပ်ကပ်ပြီး မျိုချနေခဲ့ရင်းနဲ့ အသက်ဓာတ်လေးတွေကို ရှင်သန်အောင် အဆင်ပြေအောင် ကြိုးစား မွေးမြူနေခဲ့မိတယ်..

ကျမ အကိုအငယ်ဆုံးကို နောက်ဆုံးမြင်တွေ့လိုက်ရတဲ့ ခုနှစ်နဲ့ အချိန်တွေက လွန်ခဲ့ပြီးသော နှစ် တစ်နှစ်စာ ရက်ပေါင်း ၃၆၅ ရက်ကျော်ကျော်..

ကျမ အိမ်ကနေ ထွက်သွားဖို့ အဆင်သင့်မဖြစ်ခင် အချိန်တုန်းကတော့ အကိုအလတ်ကို သူ့အသက် ၃၃ နှစ်မှာ ဆုံးရှုံးလိုက်ရတာ.. အခု အကို အငယ်ဆုံးကိုတော့ သူ့အသက် ၃၆ နှစ် ကျမ အိမ်ကို ပြန်ဖို့ အဆင်သင့်မဖြစ်ခင်အချိန်မှာပဲ ထပ်မံ ဆုံးရှုံးလိုက်ရပြီ..

သွေးသားရင်း အကို ၂ ယောက် ဆုံးရှုံးပြီးနောက်မှာတော့ ကျမတို့ မိသားစုလေးမှာ အားကိုးအားထားစရာ ထပ်မံ ဆုံးရှုံးစရာ အဖိုးမဖြတ်နိုင်တဲ့ အဖေ အမေနဲ့ ကျမတို့ အဝေးတနေရာမှာ ကျဲပြန့်ပြီး ရောက်နေတဲ့ မောင်နှမ လေးယောက်သာ ကျန်ရစ်ခဲ့တော့တယ်.

အိုမင်းမစွမ်းတဲ့ အဖေနဲ့ အမေရဲ့ အနီးအနားမှာ ဘယ်သူမှ မကျန်ရစ်ခဲ့တော့.. အဖေ အမေ လိုအပ်တာ မေတ္တာတရားနဲ့ အနီးကပ် ပြုစုနိုင်မယ့် သားသမီးတွေ ဆိုတာကို သိနေရက်နဲ့ ကျမတို့တွေ အိမ်ကိုပြန်ဖို့ ခြေလှမ်းတွန့်နေဆဲ.. အိမ်ကိုပြန်ဖို့အတွက် အဆင်သင့်မဖြစ်နိုင်သေးတဲ့ ရုပ်ဝတ္ထု၊ ပစ္စည်း၊ ငွေကြေး စတာတွေကို စဉ်းစားနေမိရင်းနဲ့ အခုတော့ ဆုံးဖြတ်မထားခဲ့လည်း ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ်နိုင်ခဲ့ပါပြီ..

NO Number နဲ့ ပေါ်လာတတ်တဲ့ အင်တာနက်ကနေ ခေါ်ဆိုတဲ့ ဖုန်းတွေထဲမှာ ၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ည ၈း၁၆ မိနစ်အချိန်မှာ ပေါ်လာတဲ့ ဖုန်းခေါ်ဆိုမှုက ကျမရင်ကို တင်းတင်း ဆို့နင့်သွားစေမိသည်အထိ. လိုင်းမကောင်းတဲ့ကြားက အမေက ဟိုဘက် ဖုန်းလိုင်းကနေ ကျမဆီကို သတင်းပို့ခဲ့တယ်.. အောင်ကြီး ဆုံးပြီတဲ့. ဒီနေ့ ညနေ ၆ နာရီက ဆုံးတယ် သမီး ဆိုတဲ့ အသံနောက်မှာ.. နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သတင်းလဲ မကြားရ.. အဆင်မပြေဖြစ်တယ်ဆိုတဲ့ သတင်းစကားလဲ မသိရဘဲ ကျမရဲ့ သွေးသားရင်း အကိုတယောက် ဆုံးရှုံးခဲ့ပြီ..

ပူပြင်းလောင်မြိုက်လှတဲ့ နွေရာသီရဲ့ အပူလှိုင်းဖြတ်မှုနောက်မှာ အခုတော့ အကိုအငယ်ဟာ သူ့အသက်ဓာတ်ကိုပါ ဖြတ်တောက်ပြီး နွေရာသီရဲ့ အပူလှိုင်းတွေ နောက် လိုက်သွားခဲ့ပါပြီ..

အဝေးမြေမှာ ရောက်ရှိနေခဲ့တဲ့ လေးနှစ်တာ အတွင်း အိမ်ကို ပထမဆုံးအကြိမ် ပြန်ဖြစ်တဲ့အချိန်မှာ အဖေ အမေရဲ့ အနီးအနားမှာ အကိုအငယ် တယောက်သာ ရှိနေခဲ့တယ်. အဖေနဲ့ အမေရယ် မြေးကလေး ၂ ယောက် နောက် အကိုအငယ်ရယ်သာ.. အကိုအငယ်က အိမ်သားတွေထဲမှာ စကားအနည်းဆုံး.. လူငယ်ဘဝ အနာဂတ်ပျောက်နေတဲ့ လူတွေကြားထဲမှာ သူတို့တွေရဲ့ လူငယ်ဘဝတွေကို စွန့်ပစ်ခြေမွခံခဲ့ရတဲ့ လူငယ်တယောက်.. အပေါင်းအသင်း မင်ပြီး လူတိုင်းကို ကူညီတတ်တဲ့ အကိုအငယ်ကို လူတိုင်းက ချစ်ခင်ကြတယ်..

တအိမ်လုံး ဘယ်သူနဲ့မှ မတူဘဲ အသားဖြူဖြူ ဆံပင်ကောက်ကောက် အကိုအငယ်ဟာ သူ့လိုပဲ ချစ်စရာကောင်းတဲ့ သမီးကလေးတယောက်ကို အမေ့ဆီမှာ အမွေပြန်ပေးခဲ့တယ်.. မိန်းမ ရပြီး ကလေးတယောက် ရချိန်အထိ အမေ့ကို ကလေးတယောက်လို မုန့်ဖိုးကပ်တောင်းနေတုန်း. အမေနဲ့ တကြိတ်ကြိတ် ရန်ဖြစ် ဆူပူနေဆဲ အကိုအငယ်ဟာ ရုတ်တရက် ဖျတ်ခနဲ အသက်ဓာတ် ပျောက်သွားခဲ့ပါပြီ.. ဘယ်လိုဖြေတွေးတွေး ကျမတို့အတွက်တော့ စိတ်ထိခိုက်စရာချည်းပါပဲ...

၂၀၁၁ ခုနှစ် ပထမဆုံး အကြိမ် ကျမ အိမ်ပြန်ဖြစ်တဲ့အချိန်မှာ ကျမလက်ကို ဆွဲပြီး ဒါ ငါ့ညီမလေးလေ.. ကျောင်းတက်နေတာပေါ့.. တလမ်းလုံး ကြွားဝါလာခဲ့တာ.. ကိုကြီးတို့အိမ်ကို လိုက်ခဲ့ပါဦး.. ဟိုမှာ နင့်အမနဲ့ မိတ်ဆက်ပေးချင်လို့တဲ့.. ကျမ မမြင်ဖူးတဲ့ ကျမ ယောင်းမကို မြင်ရဖို့ သူတို့အိမ်ကို လိုက်သွားခဲ့တယ်. ဖိနပ်ချွတ်မှာ ကျမ စီးလာတဲ့ဖိနပ်ကို ချွတ်လိုက်ပြီး အိမ်ပေါ်ကို ခပ်ဖွဖွ နင်းတက်လိုက်တော့.. ဖိနပ်ကို အကိုအငယ်က ကောက်ကိုင်ပြီး အိမ်ပေါ်ဆင့်ကို လှမ်းတင်လိုက်တယ်..အောက်မှာပဲ ဖိနပ်ကို ထားပါ.. ဘာလို့လဲ ဆိုတော့.. ဖုန်ပေမှာစိုးလို့တဲ့..

ဘာစားချင်လဲဆိုပြီး တတွတ်တွတ် မေးနေခဲ့ပြီး ငါ့ညီမလေး ပြန်ရင် ဆိတ်သားခြောက် ကြော်ပေးမယ်... ချဉ်ပေါင်ကြော်ရော ယူဦးမလား.. ငါကိုယ်တိုင် ကြော်မှာပါဟ တဲ့.. သူ့မိန်းမကတော့ အိမ်ကို အလည်လာတာ အအေး သွားဝယ်လိုက်လေ.. ညီမကို တိုက်ရအောင် ဆိုတော့ မလိမ္မာတဲ့ ကျမက နေ နေ.. သမီး မြို့ထဲသွားပြီး သူငယ်ချင်းတွေနဲ့သွားတွေ့မလို့.. မတိုက်နဲ့ဆိုတော့.. အကိုက စိတ်မကောင်းဘူး.. အေး ဟုတ်ပါတယ်.. မြို့ထဲကျမှပဲ အအေးသောက်တော့ ဟိုက အအေးတွေက ပိုကောင်းတယ်တဲ့.. ကောင်းခြင်း မကောင်းခြင်းထက် သူတို့ အလုပ်ရှုပ်မှာစိုးတဲ့စိတ်နဲ့ အကိုအငယ် တိုက်တဲ့ အအေးကို ကျမ မသောက်ဖြစ်ခဲ့ဘူး.. ဆိတ်သားတွေလဲ အများကြီး မကြော်နဲ့နော်.. ဟိုမှာက အစစ ရတယ်..အဆင်ပြေတယ်လို့ ပြန်ပြောခဲ့တာ.. တကယ်တော့ မေတ္တာတရားသပ်သပ်နဲ့သာ ကျမကို စားစေချင်တဲ့ စားစရာကို ကျမက အလုပ်ရှုပ်နေမှာစိုးတဲ့စိတ်နဲ့ ငြင်းဆိုခဲ့တာ..

အေးပါဟာ.. ယူတော့ ယူသွားမယ် မဟုတ်လား.. ကြော်ပြီး မနက်ဖြန် ယူလာပေးခဲ့မယ် တဲ့..

သူတို့အိမ်မှာ ဖင်ပူအောင် မထိုင်ဖြစ်ဘဲ သူငယ်ချင်းတွေနဲ့တွေ့ဖို့ နောက်ကျမှာစိုးတဲ့စိတ်နဲ့ ကမန်းကတန်း ပြန်ထွက်လာခဲ့တာ.. လိုင်းကားစီးဖို့ သွားတော့ ကားပေါ်အထိ လိုက်တင်ပေးခဲ့တာ.. ကားအောက်ကနေ လှမ်းပြီး သတိထားစီးဦး ခါးပိုက်နှိုက် သတိထားလို့.. စိုးရိမ်တကြီးပြောတော့.. ကျမက ခေါင်းသာ အသာညိတ်ပြခဲ့တာ.. ဘယ်သိခဲ့မလဲနော်.. ဒီလိုသာ ကျမတို့ အသက်မမှီနိုင်လောက်အောင် သေကွဲ ကွဲရမယ်ဆိုတာ သိရင် ကျမ အကိုကို ဆိတ်သားတွေ အများကြီး ကြော်ခိုင်းမှာ.. နင်ကြော်ပေးတဲ့ ချဉ်ပေါင်ကြော်က စားကောင်းတယ် ဆိုပြီး ခန ခန ပြောပြမိမှာ.. နောင်တတွေပါပဲ..

ငယ်ငယ်ကတော့ မောင်နှမတွေ တကျက်ကျက်နဲ့ ရန် ခန ခန ဖြစ်ကြတာပါပဲ.. အရုပ်လုတဲ့ အမှု၊ စကားလုပြောတဲ့ အမှု၊ အမေ မသိအောင် ထွက်ထွက်ဆော့တဲ့ အမှုတွေနဲ့ မောင်နှမတတွေ ခန ခန အရိုက်ခံခဲ့ရဖူးတယ်.. အပေါ်က အကိုအကြီးဆုံး သုံးယောက်၊ နောက်တော့ ကျမတို့ ညီအမ ၂ ယောက်၊ အောက်မှာ မောင်အငယ်ဆုံးလေး ၁ ယောက်နဲ့ အားလုံး စုစုပေါင်း မောင်နှမ ၆ ယောက်ထဲမှာ အကိုအငယ်က ကျမတို့ကို အလိုအလိုက်ဆုံးပါပဲ.. အမေ့ကို ထမင်းဟင်း ကူချက်ပေးပြီး ကျမတို့ စားချင်တဲ့ အသုပ်စုံတွေကို ဘာလေးသုပ်စားမလား၊ နယ်ဖတ်စားမလားနဲ့ လုပ်ကျွေးတတ်တဲ့သူ.. ခရမ်းချဉ်သီးငပိချက် ကြိုက်တဲ့ အကိုအငယ်ဟာ ထမင်းစားတော့မယ်ဆို.. ဟိုလူစားပြီးပလား၊ ဒီလူ စားပြီးပလား မေးပြီး ဟင်းကျန်အိုးကျန်နဲ့ လူးဖတ်ပြီး စားတတ်တဲ့ အကိုအငယ်ဟာ ဟင်းချေးမများပေမဲ့ အမေ့အတွက်တော့ ချစ်လဲ ချစ် ဆိုးလဲ ဆိုးတဲ့ သားမိုက်တယောက်သာ..

အခုတော့ အဲ့ဒီ သားမိုက်တယောက်ဟာ အမှည့်တဝင်းဝင်း အသီးတွေ ဖြစ်တဲ့ အဖေ အမေ မလွန်ခင်မှာတင် အသီးကင်းဖြစ်တဲ့ သူတို့တွေ တဖြုတ်ဖြုတ်နဲ့ ကြွေကျရစ်ခဲ့ပြီ.. ကိုယ်တွင်း အပူရှိန် ၁၀၆ ဒီဂရီမှာ ပူလွန်းလို့ ရင်ဘတ်တွေကို ရေလောင်းစွတ်ခဲ့တဲ့ အကိုအငယ်ဟာ နေအေးသွားတဲ့အချိန် ညနေစောင်း ၆ နာရီအချိန်မှာတော့ နောက်ဆုံး လက်ကျန် ကိုယ်အပူရှိန်နောက်ကို ပေါက်ထွက်သွားတဲ့ ဦးနှောက်သွေးကြောမျှင်တွေနဲ့ အတူ ကမူးရှုးထိုး လိုက်သွားခဲ့ပါပြီ.. နေအေးတဲ့အချိန်မှာမှ အသက်ဓာတ်ပျောက်ခဲ့တယ်ဆိုတော့ အေးချမ်းသွားမှာပါလို့ .. ဒီလိုသာ စိတ်ကို ဖြေသိမ့်ထားခဲ့လဲ အကိုအငယ်ကို မျက်စိရှေ့မှောက်မှာ မြင်နေတုန်းပါပဲ..

ဝတ်ထားစားထားရင် မင်းသားရှုံးတယ်လို့ အဖေက ပြောတတ်တဲ့ အမြဲ ရှိုးစမိုးကျအောင် ဝတ်တတ်တဲ့ အကိုအငယ်တယောက် သေတဲ့အချိန်မှာတော့ သက်ပျောက်အင်္ကျီ စွပ်ကျယ်လေးနဲ့ ပုဆိုးပိုင်းလေးကိုသာ ဝတ်ဆင်ခဲ့ပြီး မရဏမင်းနောက်ကို လိုက်သွားခဲ့ရတာပါပဲ..

ဘာတွေများ ကျမတို့အတွက် အပူတပြင်း လိုအပ်ခဲ့သလဲ.. မသေခင်မှာ လောဘ ဒေါသ မောဟတွေနဲ့ ပူပြင်းလောင်မြိုက်ပြီး ရှာဖွေ စုဆောင်းခဲ့ရသလောက်.. သေပြီး အအေးခန်းထဲ ဝင်ဖို့အတွက် ကိုယ်နဲ့အတူ အသက်ဓာတ်ပျောက်ခဲ့ရတဲ့ သက်ပျောက်အင်္ကျီနဲ့ လုံချည် တစုံသာ ကိုယ့်နောက်ကို ပါသွားခဲ့ရမှာပါပဲ.. အဲ့ဒီလို တွေးမိတဲ့ခနမှာပဲ မျက်ရည်တွေက ဒလဟော ကျဆင်းလာခဲ့ရမိတယ်.. ဘယ်မှာလဲ အေးမြခြင်း.. ဘယ်မှာလဲ အလုံးစုံ ပြီးပြည့်စုံခြင်း.. ဘယ်မှာလဲ ဘဝအတွက် အာမခံချက်..

မီးသဂြိုလ်စက်ထဲ သွင်းဖို့ အခေါင်းဖုံးကို လှပ်ပြတဲ့အချိန်မှာ ငယ်ရုပ်အတိုင်း အိပ်နေတဲ့ အကိုအငယ် မျက်နှာကို မြင်တော့မှ ကျမ လန့်ငိုဖို့ သတိရသွားမိတယ်.. မီးသဂြိုလ်ခါနီးမှပဲ မျက်နှာကို ပြန်မြင်ရတော့တယ်.. မမကြီးနဲ့ မောင်အငယ်လေးရယ်၊ အကိုအကြီးဆုံးရယ်ကို သတိရတယ်.. အကိုအငယ်ရဲ့ နောက်ဆုံးခရီးကို သူတို့ လိုက်ပါ ပို့ဆောင်ခွင့် မရတော့ဘူး.. နောက်တဖန် ပြန်မဆုံနိုင်တော့ပါဘူး.. အေးအေးချမ်းချမ်းသာ ဘဝကူး ကောင်းပါစေလို့ နောက်ဆုံး ဆုတောင်းပေးပြီးတဲ့နောက် ကျန်းမာရေး မကောင်းတဲ့ အဖေ့ကိုပဲ လူအုပ်ကြားက ဆွဲထုတ်ခဲ့တယ်.. မီးသဂြိုလ်စက် ခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေကြားမှာ ငါတို့ကို စိတ်ချသွားပါလို့ ခပ်တိုးတိုး ကတိစကား ဆိုခဲ့ပါတယ်..

ကျန်ရစ်တဲ့ အကိုအငယ်ရဲ့ သမီးကလေးကတော့ သူ့အဖေက သူ့အတွက် ပီကေ သွားဝယ်နေတယ်လို့ ယုံကြည်နေတယ်.. အသုဘအိမ်ဆိုတော့ လူရှုပ်ရှုပ်ကြားမှာ သူပျော်နေတယ်.. ဘယ်သူမေးမေး အောင်ကြီးက ပီကေ သွားဝယ်တာလို့ ကျမ အမေ ခေါ်တဲ့အတိုင်း သူ့အဖေကို အောင်ကြီးလို့ ခေါ်တယ်.. တခါတလေတော့လဲ သူစဉ်းစားမိမှာပေါ့နော်.. ငါ့အဖေ ဒီတခါ ပီကေသွားဝယ်တာ ကြာလှချည်လားလို့လေ.. သူမလေးရဲ့ အသက် ၂ နှစ်နဲ့ ၇ လ ဆိုတော့ အသက်ကြီးလာတဲ့အချိန် သူ့အဖေကို သူ ပြန်မှတ်မိပါ့မလား.. ဘယ်အရာမှ မကျိန်းသေပါဘူး.. သူ့အဖေရဲ့ အသုဘအခေါင်းထဲကို သူ့ရဲ့ ကိုယ်တိုင်း အပ်ချည်မျှင်လေး ထည့်ပေးလိုက်တော့ သူ့အဖေလဲ သူ့သမီးကလေးကို စွဲလမ်း မသွားပါဘူးလို့ ယုံကြည်မိတယ်.. သူ့မိန်းမထက် စာရင် အမေ့ကိုပဲ စိတ်ချလို့ သူ့သမီးကလေးကို အမေ့ဆီမှာပဲ စိတ်ချ ယုံကြည်စွာ ထားသွားခဲ့ပြီ နေမှာပါ..

ကျမ မောင်လေး ဆယ်တန်းဖြေပြီးစ အချိန် သူတို့ ညီအကိုတွေ ဂစ်တာတီးချင်လို့ သူများဆီက ဂစ်တာကို ခန ခန သွားသွားငှားပြီး တီးရတော့.. အကိုအငယ်က မောင်လေးကို ငါ့ညီလေးကို ငါအလုပ်လုပ်လို့ရတဲ့ ငွေနဲ့ ဂစ်တာ ဝယ်ပေးမယ်လို့ ပြောခဲ့တယ်.. အကိုအငယ် အလုပ်ကနေ ပိုက်ဆံထုတ်လာတော့ သူတို့ ညီအကို နှစ်ယောက် ဂစ်တာ အဟောင်းလေး တလက်ကို သွားဝယ်လာကြတယ်.. အဲ့ဒီ ဂစ်တာလေးကို ဆေးပြန်သုတ်ကြတယ်.. ဂစ်တာကြိုးတွေလဲ အသစ်ပြန်လဲတယ်.. ကြိုးတွေ သေချာညှိတယ်.. ဂစ်တာတီးဖို့ ကနုကမာ လက်ခတ်ကလေးကိုတောင် ကြိုးလေးနဲ့သီလို့.. သေချာ ကျကျနန သူတို့ ဂစ်တာ တလက်ကို အနုစိတ် ခြယ်မှုန်းနေကြတာ.. ကျမကတောင် ကျမ သိမ်းထားတဲ့ သီချင်းစာအုပ်တွေ ထုတ်ပေးထားခဲ့တာ.. အားလုံး ပြင်ဆင်ပြီးချိန်မှာတော့ ဂစ်တာလေးကို ဆေးခြောက်အောင် လှမ်းဖို့ နဂိုကတည်းက ပါလာတဲ့ ဂစ်တာက အထိန်းကြိုးလေးကို နံရံပေါ်က သံငုတ်မှာ ချိတ်လိုက်ကြတယ်..

မှားယွင်းတဲ့ လုပ်ရပ်ဆိုတာကို ခနချင်းတွင်းမှာပဲ သိလိုက်တယ်.. အားလုံး ပြင်ဆင်ပြီးခဲ့ပေမဲ့ ဂစ်တာ အထိန်းကြိုးလေးကို အသစ်ပြန် မပြင်ဆင်မိခဲ့ဖူးလေ.. ဟောင်းနွမ်းနေတဲ့ ဂစ်တာ အထိန်းကြိုးလေး ပြတ်ကျတော့.. ဟိုးအမြင့်ပေါ်က သံငုတ်ကနေ လွတ်ကျလာတဲ့ ဂစ်တာလေးကို ဘယ်သူကမှ လှမ်းမဖမ်းလိုက်နိုင်ဘူး.. နာကျင်စဖွယ် အသံအကျယ်ကြီး မြည်ဟည်းသွားပြီး အောက်ကို နာနာကျင်ကျင် ပြုတ်ကျသွားတဲ့ ဂစ်တာလေးမှာ ကျမတို့တွေရဲ့ မျှော်လင့်ချက်တွေ တသီတသန်းကြီး ပါသွားခဲ့တော့တယ်..

အဲ့ဒီလိုပါပဲ.. ကျမတို့ စဉ်းစားမျှော်လင့်ထားတဲ့ အရာတိုင်းဟာ ပြင်ဆင်မှု အနည်းငယ် လိုအပ်ရုံနဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ မဖြစ်ခဲ့ဘူးဆိုတာကို သိရက်နဲ့ပဲ.. အသက်ဓာတ်လေးတွေ ဘဝနဲ့ အတူ မပျောက်ပျက်သွားအောင်နဲ့ ဘဝမှာ ဖြစ်ချင်တာလေးတွေ လုပ်ဖို့ လုပ်သင့်တာလေးတွေ လက်စသတ်ဖို့ လိုအပ်နေကြောင်း သိရတဲ့အခါ မလိုအပ်တဲ့ ပကာသနတွေကို မုန်းတီးစက်ဆုပ်လာမိတော့တာပါပဲ....

ပြည့်စုံ

၃း၁၁ pm, ၆-၅-၂၀၁၂

Monday, March 19, 2012

အရင်အတိုင်း



ဦးရေပြားကို ခပ်ဖွဖွ ညင်ညင်သာသာ နှိပ်နယ်နေတဲ့ လက်ချောင်းကလေးတွေရဲ့ အားစိုက်ထုတ်မှုကြားမှာ သူ စီးမျောနေမိတာ.. သေးသွယ်ပေမဲ့ အားပါလှတဲ့ နှိပ်နယ်မှုတွေက သူ့ရဲ့ တင်းကျပ်ခဲနေတဲ့ ဦးနှောက် အာရုံကြောတွေကို ဖြေလျော့ပေးနိုင်တာပဲ.. တနေ့ တနေ့ ဒီလက်ချောင်းလေးတွေရဲ့ အားနဲ့ ဦးခေါင်း ဘယ်နှလုံးစာရဲ့ ဦးရေပြားတွေကို နှိပ်နယ်ပေးရမလဲ..

ပက်လက်လှန် လဲလျောင်းနေရာကနေ သူ့ရဲ့ဦးခေါင်းနောက်မှာ ရပ်နေတဲ့ သူမရဲ့မျက်နှာကို ဇောက်ထိုးမြင်နေရတယ်.. နှာတံဖြောင့်ဖြောင့်စင်းစင်းလေးရဲ့ အထက်က မျက်လုံးလေးတွေကို သူ မမြင်လိုက်ရပေမဲ့ နူးညံ့ ညင်သာတဲ့ စကားသံက အလျင်စလို ထွက်လာခဲ့တယ်..

“ဘာဖြစ်လို့လဲ အကို.. နှိပ်တာ အရမ်းပြင်းသွားလို့လား”

သူ ခေါင်းကို အသာရမ်းလိုက်ရင်း မျက်လုံးကို အသာမှိတ်လိုက်တယ်.. ဒီတလော သူ့ခေါင်းထဲမှာ အလုပ်ပြီး အလုပ်.. စိတ်တွေရှုပ်နေခဲ့တယ်.. မနက်မိုးလင်း မျက်စိနှစ်လုံး ပွင့်ကတည်းက သူ့ရင်ထဲက တင်းကျပ်နေတဲ့ အစိုင်အခဲတွေနဲ့ သူ့ခေါင်းကို လာလာဆောင့်တတ်တဲ့ ပြဿနာတွေကြားမှာ သူ ရင်မောနေခဲ့တာ ကြာပြီ.. ဒီနေ့တော့ သူ ဆက်လက် မခံစားနိုင်တော့ဘူး.. တင်းကျပ်နေတဲ့ စိတ်အတွေးတွေနဲ့ အာရုံကြောတွေက တခုခုကို လိုလိုချင်ချင် တောင့်တမိတော့တာ..

ဆိုင်ကယ်ကို အရှိန်ခပ်ပြင်းပြင်း မောင်းထွက်လိုက်တော့မှ ဆိုင်ကယ်စီးဦးထုပ် မဆောင်းထားတဲ့ ဆံပင်တွေက ကျပ်ကျပ်ခဲခဲနဲ့ လေရှိန်နောက်မှာ သူ့မျက်နှာကိုပါ အရှိန်ပြင်းပြင်း ရိုက်ခတ်နေတော့မှ သူခေါင်းလျှော်ဖို့ သတိရမိတယ်.. မျက်လုံး ကြည်ကြည်ဝိုင်းဝိုင်းလေးနဲ့ စကားသံ မပီတပီ့က သူ့ရင်ကို အရင်တုန်းကလိုမျိုး ခံစားချက်မျိုး ပြန်ရနိုင်မလား.. ဆိုင်ကယ်ကို အရှိန်နဲ့ ပြန်ကွေ့လိုက်ပြီး ဆံပင်ညှပ်ဆိုင်လေးဆီ ဦးတည်မိတော့တာပါပဲ..

ဟိုးအရင်က အတိုင်းပင် သူမက သူ့ကို ခရီးဦးကြိုဆိုမှု ပြုခဲ့တယ်.. ကျန်တဲ့သူတွေကို အနားပေးပြီး သူမကိုယ်တိုင် သူ့ကို ခေါင်းလျှော်ပေးတယ်.. ‘အကို အခုတလော မတွေ့ဘူးနော်.. အလုပ်တွေ ရှုပ်နေလို့လား’ “အင်း” သူ့ရဲ့ မပွင့်တပွင့် အသံနောက်မှာ သူမလေးလဲ စကားသံတိတ်သွားပြီး သူ့ခေါင်းကိုသာ ညင်ညင်သာသာ ဖိနှိပ်ပေးနေခဲ့တယ်..

ဆံပင်ကို ဆီလိမ်းပြီးတဲ့ နောက်မှာတော့ သူက ကျသင့်ငွေကို သူမကို လှမ်းပေးလိုက်တယ်.. သူမက ညင်ညင်သာသာ ပြုံးပြလိုက်ပြီး သူ့ကို နောက်လဲ လမ်းကြုံရင် လာပါဦး အကို.. ကျမ မရှိလဲ ဒီက ညီမလေးတွေ ရှိပါတယ် တဲ့.. သူ ခေါင်းကို ခပ်လေးလေး ညိမ့်ပြလိုက်တော့ သူမလေးက အသာ အယာ ရယ်ပြတယ်..

အတော်အသင့် ပေါ့ပါးသွားတဲ့ စိတ်အစဉ်က ချေးညော်ကင်းသွားတဲ့ ဦးရေပြားကြောင့်လား.. သူမလေးရဲ့ အပြုံးကြောင့်လား.. တခါတလေတော့လဲ တနေရာရာမှာ ကိုယ့်စိတ်ကို ကျေနပ်စေတဲ့ တစုံတရာ ရှိမယ်ဆိုရင် အဲ့ဒီနေရာလေးကို အလွမ်းပြေ ပြန်သွားသင့်တယ် မဟုတ်လား.. နောင် ရောက်ဖို့ အချိန်တော်တော်ကြာဦးမှာဖြစ်ပေမဲ့ ရောက်သွားရင်လဲ အရင်လို ခံစားချက်မျိုး အမြဲတမ်း ပြန်ပေးနိုင်မယ့် နေရာလေး တခု ရှိနေဦးမယ်ဆိုလဲ ဘဝကြီးက နေသာနေသားပဲ…

ကွန်ပျူတာနဲ့ တွဲစပ်ထားတဲ့ မောက်စ်ကို ကလစ်တချက်နှိပ်လိုက်ပြီး နောက်မှာတော့ စောနက ရယ်သံစွန်းထင်းနေတဲ့ အသံဖိုင်က ပိတ်သွားတော့တယ်.. ဒီလိုဆိုတော့လဲ အပြုံးတချက်၊ ရယ်သံ တစွန်းတစနဲ့တင် ရှေ့ဆက်ရမယ့် ဘဝကြီးကို ဖြတ်သန်းဖို့ အားအင်တွေ အလိုလို မွေးရတာပါပဲ.. အရာတိုင်းကတော့ မျှော်လင့်သလို ဖြစ်မလာဘူးပေါ့.. မမျှော်လင့်ထားလဲ ဖြစ်လာနိုင်တဲ့ အိပ်မက်တွေထဲမှာ နောက်ပြန်လှည့်ကြည့်လိုက်တိုင်း သူ့အလိုလို ကျန်နေခဲ့မယ့် အရာတွေ ရှိနေတယ် ဆိုတာနဲ့တင် ပျော်မွေ့သင့်နေပါပြီ.. ဘာမှ ထပ်မလိုစတမ်းပေါ့..

ပြည့်စုံ
19-3-2012, 8:17 pm

Sunday, January 22, 2012

အလင်းပျောက်ခဲ့သူ

ဝရံတာ အစွန်းပိုင်း အမှောင်ရိပ်ကျနေတဲ့ နေရာနားမှာ တကိုယ်လုံးကို ကပ်ထားမိတယ်.. အနည်းဆုံးတော့ အဲ့ဒီ အမှောင်ရိပ်အောက်မှာ နေခွင့်ရနေတာကို ကျေးဇူးတင်ရမလို.. ပူပန်ချင် ယောင်ဆောင် ရတာတွေလဲ နောက်ဆုံးတော့ ထူးမခြားနား ဇာတ်ပဲ ဆက်ကနေတာ မဟုတ်လား..

‘ဖုန်းလဲ ဆက်လို့မရဘူး.. ဧရိယာပြင်ပပဲ ရောက်နေတယ် ပြောတယ်.. ဒီကောင်ဟာ ဒီအချိန်အထိတောင် ဘယ်သဝေထိုးနေတယ် မသိဘူး.. ငါတော့ သေချင်တော့တာပဲ.. သူ့အဖေနဲ့ ကလဲ တရန်ပါပဲ..’

တတွတ်တွတ် ရွတ်နေတဲ့ ယောက္ခမ အမကြီးရဲ့ အသံကို ဝရံတာဘောင်ပေါ်ကနေ လမ်းထိပ်ကို မျှော်ကြည့်နေရင်း တချက် နားစွင့်လိုက်တယ်.. လမ်းအချိုးကွေ့လေးကို ကျော်မှ သူမတို့ တိုက်ခန်းဆီ ရောက်လာမှာ ဆိုတော့ မီးရောင်လဲ့လဲ့မြင်ရင် ကိုကိုများ ပြန်လာပြီလား လို့ မသိမသာ မျှော်နေမိတာ ပါပဲ..

အရင်တုန်းကတော့ အေးတိအေးစက် နိုင်တယ်လို့ ကိုကို စွပ်စွဲခဲ့ဖူးတဲ့ မိန်းမတယောက်ဟာ အခုတော့ အေးခဲနေတာမဟုတ်ဘဲ ခံစားချက်တွေ သေဆုံးနေတာလို့ ပြောရင် ကိုကိုက ဟားတိုက်များ ရီမလား..

‘မင်းဟာ လူမှ မဟုတ်ဘဲကွ.. စက်ရုပ်ပဲ.. ငါ့ကို လက်ထပ်လိုက်ရလို့ မင်း ဝမ်းနည်းနေတာ မဟုတ်လား နုနုထွေးရဲ့..မင်းကို ဘယ်တော့မှ ငါ ကွာရှင်းမပေးဘူး.. ငါစိတ်ဆင်းရဲရသလို မင်းလဲ စိတ်ဆင်းရဲစေရမယ်.. အဲ့တာ ငါ့ကျိန်စာ .. မင်း တသက် မှတ်ထား’

ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို အလန့်တကြား လက်ဖဝါးနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ်.. ဒီနေရာက တဖဝါးမှ မခွာချင်ဘူး.. ကိုကိုလာရင် တံခါးဖွင့်ပေးဖို့ ကြိုးစားရမယ်.. ဝတ္တရား ရှိတဲ့အတိုင်း ထမင်းစားပြီးပြီလား.. ဒါမှမဟုတ် ရေချိုးမလား မေးရမယ်.. ဝတ္တရားရှိတဲ့အတိုင်း အိပ်ရာဝင်ရမယ်.. ဒါ သူမ ရွေးချယ်ခဲ့တဲ့ ဘဝ..

နောင်တ မရခဲ့ဘူးလား လို့ တပါးသူ မေးမှာထက် ကိုယ့်ကိုယ်ကို ပြန်မေးရမှာကို သေရမှာထက် ကြောက်မိတယ်.. ရွေးချယ်မှုတိုင်းမှာ ၂ ခု ဒါမှမဟုတ် ဒီ့ထက်ပို များများစားစား ရှိနိုင်မလား.. သူမအတွက် ရွေးချယ်ခဲ့တာဆိုတာ ခေါင်းညိတ်ခဲ့တာ တခုပင်.. ရွေးချယ်စရာဟာ ဒါမဟုတ်ရင် ဒါပါပဲ.. ရွေးချယ်ခွင့် ရခဲ့တယ်လို့ လူရီချင်စရာ ဟာသလုပ် ပြောခွင့်ရချင်ခဲ့တာ..

အရင်တုန်းက နုနုထွေး ဆိုတာဟာ တခြားကမ္ဘာက ဂြိုလ်သားအသွင်.. ပြောင်းလဲခဲ့ပါပြီ..

‘အမေ အိပ်ချင် အိပ်လေ.. သမီး ဆက်စောင့်လိုက်ပါမယ်..’

ယောက္ခမ အမကြီးက စိပ်ပုတီးကို လက်မှာ ပတ်လိုက်ပြီး ဆက်တီခုံလက်ရန်းကို အားပြု ထရပ်လိုက်တယ်..

‘အေး အမေ ခဏလှဲလိုက်ဦးမယ်.. ပြန်လာရင်လဲ စကား များမနေနဲ့တော့.. အဖေကြီး အကြောင်းလဲ နည်းနည်းပါးပါး သတိပေးလိုက်ဦး၊ မနက်ကျရင်တော့ ပူညံပူညံ အသံတွေ ကြားရပါဦးမယ်’

အဖေက သူမကို သနားလို့ မနက်မိုးလင်းတာနဲ့ ကိုကိုနဲ့ ဆူညံပူညံဖြစ်တာဟာ ထုံးစံလို ဖြစ်နေပြီ.. ဒီနေ့ ၁၀ နာရီဟာ နောက်ကျတယ် ဆိုရင်.. မနက်မိုးလင်း ဆူညံသံကြားရပြီးတာနဲ့ ကိုကို့ အိမ်ပြန်ချိန်ဟာ ၁၁ နာရီဖြစ်ခဲ့ပြီ.. ဒီလိုနဲ့ အချိန်တွေဟာ နောက်ကျသထက် ကျလာခဲ့တယ်..

အခုတော့…

‘ဟုတ်တယ်.. အဲ့ဒီ မိန်းခလေးဟာ မင်းထက်တော့ ငါ့ကို ပိုပြီး အသက်ဝင်စေတယ်.. ငါရှိနေတယ်ဆိုတဲ့ အသိကို သူက အသိအမှတ်ပြုတယ်.. အေးတိအေးစက် မဆက်ဆံဘူး.. မင်း နားလည်လား.. မင့်ထက်’

‘တော်ပါတော့ ကိုကို.. တော်ပါတော့.. ဒီလောက် နှိပ်စက်ရ တော်ပါတော့..’

‘ဘာကွ မင်းကို ကွာရှင်းပေးရမယ် ဟုတ်လား၊ ကွာရှင်းဖို့အတွက် မင်းကို လက်ထပ်ခဲ့တာ မဟုတ်ဘူး..

မနက်ခင်းက ရန်ပွဲမှာ သွေးတစက်စက်ကျနေတဲ့ ကိုကို့လက်ဖဝါးကို အောက်ငုံ့ထားတဲ့ မျက်ဝန်းတွေက တဆင့် ကြည့်နေမိတယ်.. ကိုကို့ရဲ့ လက်အနာက မြင်သာတယ် ဆိုရင်တောင် နုနုထွေးရဲ့ ရင်ဘတ်ထဲက နှလုံးသားက သွေးတစိမ့်စိမ့် ယိုကျနေတာကို မမြင်သာတော့တာ အမှန်ပါ…

ဝရံတာဘောင်ကို တကိုယ်လုံး အားပြုပြီး မှီရပ်လိုက်တယ်.. ဆက်လက် အားပြုဖို့အတွက် အားအင်တွေ ပေးပါဦး.. ဒီလိုမျိုးပဲ မှောင်မိုက်တဲ့ ညတစ်ညမှာ လွဲချော်ခဲ့တဲ့ ကံကြမ္မာက သူမကို ဒီ့ထက် မှောင်တဲ့ အမှောင်တွေဆီကို တွန်းပို့ခဲ့တာပဲ မဟုတ်လား..

မျက်ရည် စို ငိုခဲ့ရဖူးတဲ့ ချစ်ဦးသူကို အခုအချိန်အထိ မမေ့သေးဘူးလို့ .. အဲ့ဒီလို အထင်တွေကို ဘယ်တော့များမှ ချေဖျက်ခွင့်ရပါတော့မလဲ…. ထားလိုက်ပါတော့လေ.. ဒါ သူမရဲ့ကံကြမ္မာပါပဲ..

မီးရောင်စူးရှရှ မြင်တော့ နှလုံးသားက လှိုက်ခနဲ ထခုန်သွားတယ်.. တက္ကစီကားက သူမတို့တိုက်ခန်းရှေ့ကို ထိုးရပ်လိုက်ပေမဲ့ ဆင်းလာတဲ့သူကတော့ ကိုကို မဟုတ်ခဲ့..

နာရီလက်တံ တချက်ချက်က သူမကို အချက်ပေးနေသလိုပင်.. ဒီနေရာမှာ ရပ်နေတာ အချိန်ဘယ်လောက်ရှိနေခဲ့ပြီမှန်း သူမ မသိတော့.. ဘာကိုမှ မသိချင်တော့.. ညောင်းချိနေတဲ့ ခြေထောက်တွေနဲ့ ပင်ပန်းနေပြီဖြစ်တဲ့ စိတ်ဒဏ်ရာတွေ အကြားမှာ ဘယ်အရာဟာ ပိုအလေးသာသလဲ.. အခုအချိန်မှာ မချိန်စက်ချင်တော့..

အိမ်ပြန်နောက်ကျနေတဲ့ လင်သားတစ်ဦးကို စောင့်ရတာဟာ သူများတွေ အသိမှာ သနားကရုဏာ သက်စရာနော်.. အလည်ကျူးနေတဲ့ အိမ်ကို ပြန်မလာချင်တော့တဲ့ လင်သားကို ပေတေပြီး စောင့်ရတဲ့ သူမ အဖြစ်ကို မဲ့ပြုံးတချက် ပြုံးမိလိုက်တယ်..

‘မင်းက သနားစရာ သူတော်ကောင်းမလေးပါ နုနုထွေးရဲ့. .အခု ငါဆိုးပြနေတာတွေဟာ မင်းကိုတော့ ဂုဏ်တက်စေပါတယ်ကွာ.. ဟားဟား.. အခုဆို ငါ့အဖေက အစ ငါ့ကိုဆို ဆိုးသွမ်းနေတဲ့ လူဆိုးတယောက်လို့ ထင်နေတာမဟုတ်လား.. မင်းကလဲ ဒီလိုပဲ လိုချင်နေတာ မဟုတ်လား’

ဒါဆို ဘာဖြစ်လို့များ နုထွေးကို လက်ထပ်ချင်ခဲ့ရတာလဲလို့ ဟိုးအရင် အစဦးပိုင်း အချိန်တွေတုန်းကတော့ ရန်ဖြစ်တိုင်း မေးခဲ့တာပင်..

‘မင်းကို သိပ်ချစ်လို့ကွ.’

သိပ်ချစ်တယ် ဆိုတဲ့သူဟာ ကိုယ်ချစ်တဲ့သူကို အနည်းလေးတော့ စိတ်ချမ်းသာစေချင်တယ် မဟုတ်လား ကိုကို.. အချိန်တိုင်း မယုံသင်္ကာအကြည့်နဲ့ စွပ်စွဲပြောဆိုချင်တဲ့သူရဲ့ စကားလုံးတွေကြားမှာ သူမ ဘယ်လောက်အထိ ခံနိုင်ရည်ရှိနေမလဲ ဆိုတာကို ကိုကို တွေးကြည့်မိဖူး ပါရဲ့လား..

ချစ်တယ် လို့ ခဏ ခဏ ပြောဖူးတဲ့ ကိုကိုဟာ ကိုယ့်ကို ချစ်ရဲ့လားလို့ ဘာလို့များ မမေးခဲ့တာလဲ.. ကိုယ့်ကို ချစ်ပါလို့ ဘာလို့များ မတောင်းဆိုခဲ့ဖူးတာလဲ .. အခုအချိန်မှာ စဉ်းစားစရာ မလိုတော့ဘူး.. သူမ မဟုတ်တဲ့ မိန်းခလေးတယောက်ရဲ့ အပြုအစုမှာ ကိုကို သာယာနေခဲ့ပြီ.. အမေနဲ့ အဖေရဲ့ မေတ္တာ စေတနာတွေကို နားလည်ပေမဲ့ ကိုကို့ရဲ့ လက်ရှိအခြေအနေကိုတော့ အသိမပေးချင်ခဲ့..

စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို အတိအကျ လိုက်နာခဲ့တဲ့ သူမရဲ့ သည်းခံနိုင်မှုတွေကြားထဲမှာ ကိုကို့ကို ဘယ်အချိန်အထိ သည်းခံရမလဲ.. သည်းမခံနိုင်တော့တဲ့ အခါတွေမှာ ဘယ်အရာကိုများ ထွက်ပေါက်ယူရမလဲ.. ဟင့်အင်း မသိချင်ပါဘူး.. ပြန်စရာ အိမ်မရှိတော့တဲ့ သူမ အတွက်တော့ အရာရာဟာ မှောင်အတိကျနေခဲ့တာပင်..

မှောင်မိုက်တဲ့ ညအလယ်မှာ အခုတော့ သူမ တယောက်တည်းပင်.. အယင်တုန်းကလဲ သူမ တယောက်တည်းပါပဲ.. အခုတော့လဲ တယောက်တည်းပါပဲ..နောင် ဘယ်အချိန်ထိများ တယောက်တည်း ရှိနေမလဲ ..

အမှောင်ဟာ သိပ်နက်နဲလွန်းလာတဲ့အခါ ပြောင်လက်ပြီး လှပလာတယ်လို့ ထင်လာမိတယ်.. ညအမှောင်ဟာ အထီးကျန်တဲ့စိတ်ကို ပိုပြီး အားကောင်းစေလာခဲ့တယ်.. အမှောင်ရဲ့ ဓာတ်ကို သဘောကျနေတဲ့ သူမ အတွက်တော့ ဘယ်အရာက ပိုမှောင်လာစေသလဲ မစဉ်းစားချင်ခဲ့တော့..

အိပ်မက်တွေထဲမှာ အိပ်မက်ပဲ ရှိခဲ့တဲ့ သူမအတွက်တော့ အမှောင်တွေထဲမှာလဲ အမှောင်ပဲ ရှိမှာပါ.. အလင်းတစ တွေ့ဖို့ စိတ်ကူးယဉ်နေတယ်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့ပြီ…

လမ်းချိုးကွေ့ရဲ့ မီးတိုင်လင်းရောင်အောက်မှာ အနက်ရောင် စိတ်ကူးတစ လွင့်မျောလာနေခဲ့ပြီ.. သံဘာဂျာတံခါးကို အသာအယာ ထိတွေ့လိုက်တော့ အေးစက်နေတဲ့ အတွေ့က အထိတ်တလန့် ဖြစ်စေမိတယ်.. အသံမမြည်အောင် သတိထားနေရင်းကြားက သော့ခလောက်နဲ့ သံတိုင် ရိုက်ခတ်သံက နားစည်ကို ဆူညံသွားစေခဲ့တယ်..

လွတ်မြောက်ထွက်ခဲ့ပြီ.. နောက်ဆုံးတော့ သူမ မုန်းတဲ့ အမှောင်ထုထဲမှာကိုပဲ သူမဟာ အမှောင်တစကို ဖမ်းဆုပ်ချင်မိတဲ့သူ တယောက် ဖြစ်ခဲ့ပြီ.. အမှောင်ထုထဲ တိုးဝင်လာလေ.. အမှောင်ဟာ ပိုမှောင်လာလေပါပဲ..

တိတ်ဆိတ်နေတဲ့ ညမှာ ညှပ်ဖိနပ်သံပါးပါးက နောက်ကျောက လိုက်လာတဲ့ တစ္ဆေတကောင်လို သူမရဲ့နောက်ကျောကနေ ကပ်ပြီးလိုက်လာတယ်.. ကတ္တရာပါးပါး ခင်းထားတဲ့ လမ်းပေါ် ကျောက်စရစ်ခဲချည်း သပ်သပ်သာ ရှိနေတဲ့ လမ်းတလျှောက်မှာ ဘဝဟာ နောက်ကျောမလုံခဲ့ဘူးဆိုတာကို ပိုသိသာလာစေတယ်..

အားကိုးစရာ ခြေဖဝါးနဲ့ အိပ်မက်တွေကိုသာ ဆုပ်ကိုင်ခဲ့တဲ့ သူမရဲ့ ပိုင်ဆိုင်မှုတွေကြားမှာ သူမဟာ ဘာမှ မဟုတ်တော့.... သူမရဲ့ မိန်းမသားဘဝ.. သူမရဲ့ ကံကြမ္နာ၊ သူမရဲ့ အနာဂတ်၊ သူမရဲ့ ဖြစ်တည်မှု .. အားလုံး အားလုံးဟာ ပျောက်ဆုံးသွားခဲ့ပြီ..
ဒီလမ်းချိုးအကွေ့လေးကို လွန်ရင် ဘဝဟာ လွတ်မြောက်ထွက်ခဲ့ပြီလို့ သူမ ထင်နေခဲ့ပြီ..

ပါးပြင်ပေါ် စီးကျလာနေတဲ့ နှလုံးသားရဲ့ငိုကြွေးသံတွေကို ဘာကမှ မတားဆီးနိုင်တော့.. စူးစူးရှရှ ကားမီးလင်းတန်းအောက်မှာ သူမက တကိုယ်လုံး ပစ်ဝင်ခဲ့လိုက်ပြီ… နံဘေးကို ပြေးဝင်လာတဲ့ မော်တော်ကားရဲ့ အရှိန်နှုန်းကို သူမ ဝမ်းသာအားရ ကြိုဆိုမိလိုက်တဲ့ အခိုက်မှာပဲ ဘရိတ်အုပ်သံ ကျယ်ကျယ်လောင်လောင် ကြားရပြီး ကတ္တရာလမ်းမနဲ့ ကားဘီးပွတ်တိုက်သံက သူမ နားထဲ အရှိန်ပြင်းစွာ ဝင်ရောက်ခဲ့တော့တာ..

တံခါးဖွင့်သံ ကျယ်ကျယ်ကို ကြားရပြီး ပြေးဝင်လာတဲ့ ဖိနပ်သံတွေကြားမှာ သူမ အကြားချင်ဆုံး အသံကို ကြားလိုက်ရတယ်..

‘နုထွေး..’

တင်းထားတဲ့ စိတ်တွေ အကုန်လျှော့ချလိုက်တဲ့အခါမှာတော့ အမှောင်ထဲမှာ ပျော်တဲ့ မိန်းခလေးဟာ အမှောင်ထဲကိုသာ တိုးဝင်သွားတော့တာပါပဲ..

ပြည့်စုံ
12:36 pm, 23-1-2012

Thursday, January 5, 2012

ဟဲလို နှစ်ထောင့်ဆယ့်နှစ်



လင်းလက်တဲ့ ကြယ်စင် ၆ လုံးနဲ့ တောင်ဆိတ်တကောင်ရဲ့ ဒဏ္ဍာရီကို မသိခင်ကတော့ ကိုယ်ဟာ မြင်မြင်ရာ ချိုနဲ့ဝှေ့ချင်တဲ့ ဒေါသသင့်နေတဲ့ မိန်းမငယ်တယောက်သာ ဖြစ်နေခဲ့တယ်.. ဘာကြောင့်များ ကိုယ့်ရဲ့ စေတနာ တွေဟာ မြင်သာတဲ့ အရာတွေ အဖြစ် ပြောင်းလဲမသွားတာလဲ.. လူတွေအပေါ် နာကျည်းချင်တတ်တဲ့ စိတ်က နှလုံးသားမှာ မကြာခဏ အမြစ်တွယ်ခဲ့ဖူးတယ်..

ဒါပေမဲ့ ခဏတာပါပဲ.. အတေးအမှတ် ကြီးတတ်တဲ့ မိန်းခလေးဟာ တခါတလေတော့လဲ အရာရာကို သင်ပုန်းချေပစ်လိုက်တာပါပဲ.. ကလဲ့စားချေဖို့အထိ ဥာဏ်ရည်မမှီတတ်တော့ အနုနည်းနဲ့သာ ဆန့်ကျင် သင်ပုန်းချေ ကန့်လန့်ကာ ပိတ်ခဲ့စေတော့တယ်..

ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ တောင်ဆိတ်တကောင် အသွင်ပြောင်းလိုက်ပြီး လှပတဲ့ လူမိန်းမသား သီအိုဖာနီကိုပါ တောင်ဆိတ်မ အသွင် ပြောင်း တူနှစ်ဖြာ မေတ္တာမျှ ချစ်ခင်စုံဖက်လို့ အလွန်တန်ခိုးကြီးပြီး ရွှေရောင်အတိပြီးတဲ့ အမွှေးအမျှင်နဲ့ အတောင်ပံ ပါပြီး လေမှာ ပျံဝဲနိုင်တဲ့ နတ်တောင်ဆိတ်ကြီး တကောင်ကို ဖွားမြင်တယ် တဲ့.. ဒါဟာ ပုံပြင်ရဲ့ အစပါပဲ..

ဒဏ္ဍာရီလာ နတ်ဖုရားတွေရဲ့ သမိုင်းမှာ ရွှေရောင်တောင်ဆိတ် တကောင် မွေးဖွားလာပုံ ပုံပြင်တပုဒ်..

ကိုယ့်ကတော့ ရက်ထပ်တဲ့ သင်္ကြန်ရက်ရဲ့ ပထမဆုံး အကြိုနေ့ တရက်မှာ ဖွားမြင်ခဲ့တယ်.. ရွှေရောင်တောက်ပ မနေတဲ့ ကိုယ့်ရဲ့ ငယ်ဘဝဟာ သူလိုကိုယ်လိုပါပဲ.. အဲ့ဒီမှာတင် ရွှေရောင်တောင်ဆိတ်တကောင်နဲ့ နက္ခတ်သာ တူတဲ့ မိန်းခလေး တယောက် မွေးဖွား လာခဲ့တာပါ.. ကိုယ်ဟာ ဒဏ္ဍာရီထဲကလိုလဲ ရွှေရောင် မတောက်ပဘူး.. သာမာန် မိန်းမငယ်တဦးပါ..

ရွှေရောင်တောင်ဆိတ်ဟာ လူ့ကမ္ဘာမှာ နေထိုင်ပြီး ဒုက္ခရောက်သူတွေကို ကူညီသတဲ့.. ကိုယ်တို့မှာ တူညီတာ ဒါပဲ ရှိတယ်.. ဒါနဲ့တင် ကိုယ်ဟာ ရွှေရောင်တောင်ဆိတ်လို လူတွေကို ကူညီချင်တတ်တဲ့ နတ်ဆိုး တကောင် ဖြစ်လာတော့တာပဲ.. ကိုယ်က လူတွေကို ကူညီချင်တယ်.. လူတွေက ကိုယ့်အကူအညီကို လိုအပ်တုန်းသာ အသုံးချချင်ပြီး ကိုယ့်နာမည်ကိုတော့ မေ့ထားချင်ကြတယ်.. ကိုယ်က အဲ့ဒီအတွက် မနာကျင်ခဲ့ပေမဲ့ သူတို့ကတော့ လိပ်ပြာမလုံခဲ့ဘူး.. အဲ့ဒီမှာတင် ပြဿနာတချို့ စတင်ခဲ့တော့တာ..

လူတွေဟာ ကိုယ်တိုင်က လိပ်ပြာမလုံတဲ့ အခါ .. လုံလောက်တဲ့ ဆင်ခြေတရားတွေကို အရူးအမူး ရှာဖွေတတ်တော့တာပါပဲ.. အဲ့ဒီမှာတင် ကမ္ဘာမီးလောင် သားတောင် ချနင်း သတဲ့.. ကိုယ်က အပြစ် မတင်ခဲ့ပါဘူး.. ဒါပေမဲ့ ကိုယ်ချစ်တဲ့သူတွေကိုတော့ အနည်းဆုံး လိပ်ပြာ လုံလုံနဲ့ ဝင့်ဝင့်ကြွားကြွား ဖြစ်စေချင်ခဲ့တယ်.. ဒါပေမဲ့ ကိုယ်ပဲ မှားခဲ့တယ်.. ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူတွေ အပေါ် ကိုယ်က သူတော်ကောင်း လုပ်ချင်ခဲ့မှုတဲ့.. အဆုံးမှာတော့ ရေပေါ်မှာ အရုပ်ရေးသလို ကိုယ့်စေတနာတွေဟာ ရေတပွက်တောင် မပွက်ခဲ့.. အလဟဿဖြစ်ခဲ့ပြီ..

အဲ့ဒီအချိန်မှာပေါ့ လူ့ပြည်မှာ အဲ့သားမတ် ဆိုတဲ့ ဘုရင်က မိဖုရား နက်ပလီနဲ့ ပေါင်းဖက်ပြီး သားတော် ဖလစ်ဆပ်နဲ့ သမီးတော် ဟယ်လီကို မွေးဖွားသတဲ့.. ဒါပေမဲ့ အဲ့သားမတ်ဟာ လောဘကြီးတယ်.. အီဒို ဆိုတဲ့ အမျိုးသမီးကိုပါ မိဖုရားမြှောက်လိုက်တဲ့အခါ မိဖုရား နက်ပလီဟာ အချစ်ရေးမှာ အရေးနိမ့်သွားတော့တယ်..

အီဒို မိဖုရားက ချစ်ခြင်းကို အပြည့်အဝ ရတာတောင်မှ လောဘကြီးလွန်းတဲ့ အတွက် သူမရဲ့ နောင်မွေးလာမယ့် သားကလေး ထီးနန်း မရမှာစိုးလို့ မိဖုရား နက်ပလီရဲ့ သားတော်နဲ့ သမီးတော်ကို ယဇ်ပုလ္လင်မှာ ပူဇော်ဖို့ လင်သားကို သွေးဆောင်တော့တာပါပဲ..

ကိုယ်တော်ရဲ့ သားနဲ့သမီးကို ကိုယ်တော်ကိုယ်တိုင် ယဇ်ပူဇော်ဖို့ မိုက်မိုက်မဲမဲ စဉ်းစားနေတဲ့ ဘုရင် အဲ့သားမတ်ကို တောင်းပန် တိုးရှိုးလို့ မရတော့တဲ့ မွေးမိခင်ဖြစ်တဲ့ နက်ပလီက ရွှေရောင် တောင်ဆိတ်ကြီးကို အကူအညီ တောင်းရတော့တာပေါ့..

ကြင်နာတတ်ပြီး လူသားတွေကို ကူညီချင်တတ်တဲ့ ရွှေရောင် တောင်ဆိတ်က မောင်နှမ နှစ်ယောက်ကို ကျောပေါ် တင်ပြီး ပင်လယ် ကို ဖြတ်ပျံ ခဲ့ပေမဲ့ သမီးကလေး ဟယ်လီက ပင်လယ်ထဲကို ပြုတ်ကျရှာသတဲ့.. သားတော်လေး ဖလစ်ဆပ်ကိုတော့ Aries နတ်ဖုရားကို အပ်ခဲ့တယ်..

ရွှေရောင်တောင်ဆိတ်ကြီးဟာ သေအံ့ဆဲဆဲဖြစ်နေတဲ့ မောင်နှမ နှစ်ယောက်ကို သူ့ရဲ့ အသက်နဲ့ လဲထပ်ပြီး ထာဝရ ရှင်သန်တဲ့ နတ်ဖုရားတွေ အဖြစ် ပြောင်းလဲပေးခဲ့တယ်..

ဟယ်လီကလေးက ပင်လယ်နတ်သမီးဖြစ်သွားခဲ့ပြီး သားတော် ဖလစ်ဆပ်ကိုတော့ အေရီးစ် နတ်ဖုရားရဲ့ သမီးနဲ့ လက်ဆက်စေခဲ့တယ်.. ရွှေရောင်တောင်ဆိတ်ကြီးဟာ သူ့ရဲ့ ရွှေရောင်တောက်ပတဲ့ အရေခွံကိုသာ နတ်ကွန်းရှေ့မှာ ချိတ်ဆွဲပေးပါ ဆိုတဲ့ တောင်းဆိုမှုကိုသာ ပြုခဲ့ရှာသတဲ့..

ရွှေရောင်တောင်ဆိတ်ကြီးရဲ့ ကြင်နာတတ်တဲ့ အသည်းနှလုံးကို ချီးမြှင့်မြှောက်စားတဲ့ အနေနဲ့ ဇုနတ်မင်းကြီးက ကောင်းကင်ပေါ်မှာ တောက်ပ ကြည်စင်တဲ့ ကြယ်စင် ၆ လုံးနဲ့ ရွှေရောင်တောင်ဆိတ်ပုံကို မှတ်တမ်းထိုးစေခဲ့တယ်..

မြင့်မြတ်တဲ့ နှလုံးသားကို အရင်းခံပြီး အမှန်တရားဘက်က ရပ်တည်ပြီး အသက်ကို စတေး ပေးဆပ် ရဲဝံတဲ့ သဘာဝကို အမှတ်ရစေဖို့အတွက် ကြယ်စင်တွေရဲ့ အလင်းတန်းနဲ့ ထိတွေ့သူဟာ လူသားတွေကို အကျိုးပြုတဲ့ မြင့်မြတ်တဲ့သူတွေ အဖြစ် မွေးဖွားစေခဲ့သတဲ့..

ဒီနက္ခတ်တွေနဲ့ ယှဉ်မွေးခဲ့တဲ့ မိန်းခလေးဟာ လူသားအကျိုးပြု မြင့်မြတ်တဲ့ သူတဦး ဖြစ်ခဲ့ပါရဲ့လား.. အခုအချိန်မှာတော့ ကြယ်စင်ရဲ့ အလင်းကို ထိတွေ့မှာစိုးလို့ ကန့်လန့်ကာနောက်ကနေ ကောင်းကင်ကို တိတ်တခိုး မျှော်ကိုးကြည့်တတ်တဲ့ မိန်းခလေးမှာ အထီးကျန်စိတ်နဲ့ အတူ ကြင်နာတတ်တဲ့ နှလုံးသားတစုံ မပျောက်ဆုံးနိုင်သေးတာဟာလဲ ဘုရားပေးတဲ့ လက်ဆောင်တခုပါပဲ..

တစုံတရာကို မမျှော်ကိုးပေမဲ့ ရရှိလာတဲ့ ရလဒ်တွေကြားမှာ မလူးသာ မလွန့်သာ နာကျင်စရာတွေချည်းသာ အမြဲ ကြုံရတော့တာ.. ပေးဆပ်ခြင်းဟာ ရယူခြင်းအတွက် ပထမ အစ ခြေလှမ်းဆို ဘယ်အရာကို ပေးဆပ်လိုက်လို့ ဘယ်အရာကိုများ တောင်းဆိုခဲ့ရဖူးသလဲ.. ကိုယ် မစဉ်းစားတတ်ခဲ့.. ကိုယ်ပေးတဲ့ အကူအညီဟာ ထောင်တန်သလား၊ သောင်းတန် သလား၊ ကျိန်းသေတာကတော့ တန်ဖိုးမသိသူတွေကြားမှာ ပေါ့တန်စေခဲ့တယ် ဆိုတာပါပဲ..

ဘဝ လမ်းကြောင်းတလျှောက်မှာ တပါးသူတွေရဲ့ ပြဿနာ အခင်းအကျင်းတွေကြားထဲ မျောပါ တတ်ခဲ့တဲ့သူဟာ ကိုယ့်ဘဝအတွက်တော့ ရောင့်ရဲ တင်းတိမ်နိုင်တာချည်းပါပဲ.. ဦးဆောင် လမ်းညွှန်ဖို့ စိတ်ထက်သန်တဲ့ သူဟာ အဆုံးမတော့ ရှေ့တိုးရင်း ချောက်ထဲကျ.. ဘဝဟာ နောက်ကျောကို ထိုးတဲ့ ဓားတွေကို ဖယ်ရှားနေရတာနဲ့တင် တသက်တာ ကုန်ဆုံးစေခဲ့..

အို ရွှေရောင်တောင်ဆိတ်ကြီးရေ.. အသင့်မှာ အသက်နဲ့ထပ်တူ လဲထပ်ခဲ့တဲ့အတွက် နောင်တ ဆိုတာမျိုး ရခဲ့ဖူးပါသလား.. အို ကိုယ့်မှာတော့လေ တခါတလေမှာ နောင်မှ ယူကြုံးမရ နောင်တဆိုတာမျိုး ခဏ ခဏ ကြုံရဖူးတဲ့အတွက် နာကျင်ခံစားလိုက်ရတာ…
မိုးမြင့်ပျံ တိမ်ညွန့်စား စွမ်းပကားကို ပိုင်ဆိုင်ခဲ့ဖူးတဲ့သူတဲ့.. ကြယ်စင်တွေရဲ့ အလင်းတွေ လူတွေအပေါ် ထင်လင်းစေချင်လွန်းလို့ အချိန်တိုင်းသာ လမိုက်ည ဖြစ်စေချင်တဲ့သူ..ဒီလိုလူမျိုးမှာမှ အချိန်တိုင်းဟာ လပြည့်တယ်..

ရာသီအစ အဲ့ဒီ မိဿ ရာသီခွင်ကိုက ဒုက္ခရောက်နေသူတွေကို ကျောပေါ်ပိုးပြီး ဒုက္ခ အဆင်းရဲခံတတ်တဲ့ တောင်ဆိတ် တကောင်ကို ကိုယ်စားပြုတယ်.. ကိုယ့်မှာ တောင်ဆိတ်နဲ့ တူတာဆိုလို့ ဒုက္ခတွေကို ကျောမှာ ပိုးထားနေတုန်း ပိုးထားရတုန်းသာ ရှိနေခဲ့..

မလိုအပ်တဲ့ အကူအညီတွေ လျှော့ပြီး စေတနာပိုလွန်းအားကြီးတာတွေကို လျှော့လိုက်ပါတဲ့လေ.. ရွှေရောင်တောင်ဆိတ်တကောင်နဲ့ လူ့ပြည်က ဒုက္ခတွေကို ကျောပိုးထားတဲ့ မိန်းမငယ် တယောက်ကြားမှာ နက္ခတ်တူ ရာသီခွင် တူရုံကလွဲလို့ ဘာတွေများ ထူးခြားတာမျိုးတွေ ရှိနိုင်မလဲ..

စဉ်းစားချင်ပါရဲ့.. တွေးတောဖို့ ဦးနှောက်အစုံက အခုတော့ ပင်ပန်းလွန်းလို့ ရူးသွပ်ခဲ့ပြီ.. တော်ပါပြီလေ.. ကိုယ့်စိတ်ကို နာကျင်အောင် ဆုံးမလဲ.. အမှတ်မရှိတဲ့ မိန်းကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုး ရှေ့ကိုသာ ဆက်တိုးနေတော့တာ..

ကောင်းကင်က အလင်းလက်ဆုံး ကြယ်တွေကို စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ တောင်ဆိတ်တကောင်ရဲ့ ပုံသဏ္ဍာန်ပေါ်နေတဲ့ မိဿရာသီခွင်ရဲ့ အရုပ်.. အင်္ဂါဂြိုလ်စိုးမိုးပြီး တနင်္ဂနွေဂြိုလ် နေမင်းရဲ့ အားကောင်းတဲ့ အစွမ်းကို ပိုင်ဆိုင်ထားတဲ့သူ.. ရန်အပြိုင်အဆိုင်တွေကို ရင်ဆိုင် ချေမှုန်း ဖယ်ရှားဖို့ ကြိုးပမ်းနေရတဲ့သူ.. ဘဝတိုက်ပွဲကို အမြဲတစေ ရင်ဆိုင် တိုက်ခိုက်နေရတဲ့သူ ဖြစ်ပါတယ်တဲ့..

တကယ်တော့ ကိုယ်ဟာ အေးအေးဆေးဆေး နေချင်ပါတယ်.. ထိတွေ့နေရတဲ့ အဝန်းအဝိုင်းကို သိမ်းသွင်းနိုင်သတဲ့.. ဖြစ်နိုင်ပါရဲ့လား.. ကိုယ် ဆိုတဲ့သူကလဲ ဗေထိ ဆိုတာနဲ့ အနည်းလေးတော့ နဖူးမှာ တချက် ကျောမှာ တချက် မြှားချက်က ထိမှန်ခဲ့စမြဲ ..

အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ စိတ်တွေကလဲ မဖြူစင်နိုင်တော့.. အရင်လို ဖြူဖြူစင်စင် ကူညီမှုတွေ မပေးနိုင်တော့တဲ့အပြင် အခါ ထပ်ခါ ထပ်ခါ ပြောနေရတဲ့ စကားလုံးတွေကြားမှာ စိတ်မရှည်တတ်တော့.. လူတွေကို ကုန်းပိုးပြီးသာ လိုရာ သယ်ဆောင်ပေးလိုက်ချင်သည်.. သူတို့ရဲ့ ပြဿနာတွေကြား နာမခံချင်တော့..

လူတွေဟာ အယင်ကထက် ပိုပြီး ဒုံးဝေးလာတယ်လို့ ထင်နေရင်းနဲ့ကို တကယ်တော့ ပိုဝေးသွား တဲ့သူဟာ ကိုယ်ကိုယ်တိုင်သာ ဖြစ်နေခဲ့တော့တာ.. စကားတခွန်းကို ၂ ခါ ထပ်ပြောရင် ဒေါသတကြီး ဖြစ်လာတတ်တဲ့ ကိုယ်ဟာ တကယ်တော့ ပထမ တခွန်းမှာတင် စိတ်က တိုနှင့်ခဲ့ပြီ..

ကိုယ်က ရာနှုန်းပြည့် လူကောင်း မဟုတ်ပါဘူး.. လူဆိုးလဲ မဟုတ်ခဲ့ပါဘူးကွယ်.. ဒါပေမဲ့ အနည်းဆုံးတော့ ကိုယ့်စကားလုံးတွေဟာ သူတပါးရဲ့ အပြုံးတွေ အဖြစ် ပြောင်းလဲ သွားစေချင်ပါတယ်.. ကိုယ်ဟာ အရောင်ထည် ဖြစ်ခဲ့ရင်တောင် အဖြူရောင် မဖြစ်ချင်ခဲ့... လူတွေရဲ့ အပူတွေကို စုပ်ယူပေးနိုင်တဲ့ အနက်ရောင် ပုဝါထည် တစသာ ဖြစ်ချင်ခဲ့တယ်..

ရွှေရောင်တောင်ဆိတ်ရဲ့ အလင်းတန်းနဲ့ ထိတွေ့ခဲ့ပြီး မွေးဖွားခဲ့တယ် ဆိုတဲ့ သူဟာ ကူညီချင်တဲ့ ကြင်နာတတ် တဲ့ စိတ်တွေ ခေါင်းပါးလာပြီလို့ တွေးမိတဲ့အခါ တိတ်တဆိတ်သာ ဝမ်းနည်းလာလေတော့သည်.. နေနှင့်ပါဦးကွယ်.. အပြာရောင်ကြည်စင်တဲ့ ကောင်းကင်ပြင်သာ တိမ်ကင်းစင်တဲ့ တနေ့ ရောက်ခဲ့ရင် ကိုယ်လေ အယင်လို ပြန်ဖြစ်စေရပါ့မယ်လို့.. ဘယ်သူမှ မသိလဲ ဘေးမှာ မရှိနိုင်တော့တဲ့သူကို တိုင်တည် ဆုတောင်းခဲ့ဖူးပါရဲ့..

ရာသီစက်ဝန်းဟာ အခုတော့ တပတ် ပြန်လည်ခဲ့ပြီ.. အသစ် စတင်ဖြစ်ထွန်းတဲ့ နှစ်အသစ် အစမှာ အသစ်တဖန် မွေးဖွားခြင်းတွေနဲ့ ပြန်လည် သက်ဝင် လှုပ်ရှားမှုတွေ ပြန်လာနိုင်ဦးမယ်တဲ့.. အယင်လိုသာ ပြန်ရမယ်ဆို ဖြူစင်တဲ့ ဟိုအယင်လို ဘဝမျိုးသာ ပြန်ရချင်တော့တာ..

ပျောက်ဆုံးသွားတဲ့.. ကျရှုံးခဲ့ပြီလို့ ထင်ရတဲ့.. ပျောက်ကွယ်သွားခဲ့ဖူးတဲ့.. ဖြူစင်တဲ့ စိတ်နှလုံးနဲ့ အယင်လို အပြုံးမျိုးကို ပြန်ရချင်မိတဲ့ မိန်းခလေးဟာ.. လောကအလယ်မှာ ယက်ကန်ယက်ကန် ကူးခတ်နေရတုန်းပါပဲ.. ၂၀၁၂ ရယ် ဘဝမှာ အပျော်ဆုံးနှစ်သစ် တစ်နှစ်တော့ ဖြစ်ပါရစေဦး.. လုံးလုံးတော့ စိတ်က မပြောင်းသွားနိုင်ပေမဲ့ အတတ်နိုင်ဆုံးတော့… အရာရာ အကောင်းဘက်ကို ပြောင်းလဲသွားစေချင်ပါတယ်..

ပြည့်စုံ
(၁-၆-၂၀၁၁၊ ၁း၅၆ pm)

Monday, January 2, 2012

2012 အထိ ဒါတွေ ပါလာတယ်..

2011 နှစ်ထဲမှာ မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေ အများကြီး ကျန်ခဲ့တယ်.. အကြွေးတွေလိုပဲ.. မေ့မသွားဘဲ 2012 အထိ သူတို့လိုက်လာတယ်..

ကိုယ်ရော စိတ်ပါ အတူတူ ပြောင်းလဲဖို့ ကြိုးစားတိုင်း ကိုယ်ရော စိတ်ပါ ပင်ပန်းတကြီး လဲပြိုသွားခဲ့ဖူးသည့် အတွက် ဘယ်တော့မှ အတင်းအကျပ် ပြောင်းလဲယူဖို့ မကြိုးစားဖြစ်တော့..

လွတ်ကျသွားတယ်.. လွင့်စဉ်ကျသွားခဲ့ပြီး.. အတော်ဝေးဝေးအထိ လိုက်မမှီနိုင်တော့တဲ့ အထိ .. ခပ်ဝေးဝေး နေရာအထိ လွင့်မျောသွားတဲ့ အရာတွေထဲ.. ပျော်ရွှင်ခြင်းတွေနှင့်အတူ လူတွေကို အကောင်းမြင်စိတ်ပါ ပါသွားခဲ့တယ်.. ပြန်မရခဲ့တော့ဘူး..

ရီမောခြင်းဟာ ပါးစပ်ဖျားက လာသလားလို့ သံသယဝင်နေရင်းနဲ့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဟာ တန်ကြေးကြီးကြီးတွေနဲ့ လဲယူလို့ မရခဲ့ဘူး.. ပျောက်ဆုံးသွားပြီ..

ကိုယ်က ဘယ်သူပါ လို့ ဆိုတဲ့သူတွေကို သိကျွမ်းရတာထက် ကိုယ့်ဘာသာ ရှာဖွေယူရတဲ့ မိတ်ဆွေ အစစ်အမှန်တွေကိုပဲ တန်ဖိုးထားပါတယ်.. ဒါပေမဲ့ ကိုယ်ယုံကြည်တာတွေလဲ တခါတလေမှာ အမှားပါတတ်တယ်..

မိန်းမတွေဟာ ဦးစားပေးခံရတယ်လို့ ရှေးအစဉ်အဆက် ယုံကြည်ခဲ့တာတွေကို စိတ်ထဲ မှတ်ထင်ထားရင်း တကယ်တော့ အသနားခံ လူတန်းစားအဖြစ်သာ ပါးစပ်အရသာခံနေရမှန်း သိနေတဲ့အခါ သူတို့အစား ရှက်မိတယ်.. ကိုယ်သာ လိပ်ဆို ခေါင်းမပြူဝံ့တော့...

တယောက်တည်း နေရတဲ့ ဘဝကို မက်မောမိပေမဲ့ ဘဝဟာ ကူးခတ်နေမှသာ မနစ်မြုပ်မှန်း သိရတော့တယ်.. ကောလဟာလတွေ၊ မနာလို အတင်းအဖျင်းတွေနဲ့ မစ္တရိယစိတ်တွေကြား ပေါလောမျောနေတဲ့ ဘဝပင်လယ်ကြီး.. ကမ်းမမြင် လမ်းမမြင် မျက်မမြင်.. ကိုယ်တယောက်တည်းပဲ စိတ်ကူးယဉ်..

ပြည့်စုံ
(Monday, January 2, 2012 at 4:14pm)

Monday, December 26, 2011

အေးအေးလူလူမြစ်



လှည့်စားတတ်တဲ့ ပင်လယ်နဲ့
လှည့်ဖျားတတ်တဲ့ လူတွေကြားမှာ
လှိုင်းတလုံးစာသာ အကွာအဝေးရှိမှန်း သိတဲ့ တနေ့
ပင်လယ်ဆီ မရောက်တော့တဲ့ မြစ်ကျိုးအင်းအဖြစ် ဝပ်ဆင်း
အဲ့ဒီနေရာမှာ ခြေဆင်းပြီးတော့သာ ထိုင်နေလိုက်တော့တယ်..

ပြည့်စုံ
(၁၂း၁၅ am/ 26-12-2011)

Tuesday, November 22, 2011

စိတ်ချင်းဆက်သွယ်မှု

ဘဝရဲ့မြစ်ပြင်ကျယ်ထဲ
အလျားလိုက် ကူးခတ်မရတော့လဲ
ဒေါင်လိုက် တရွတ်ဆွဲ ကူးခတ်နေရတာပါပဲ
လိမ့်ကျသွားတာက အမှားမဟုတ်ဘူး
ကူးခတ်ရဲတာကမှ ဘဝတဲ့

တခါတလေတော့လဲ
ကိုယ့်မျှော်လင့်ခြင်းတွေကို ကိုယ်ပြန်မျှား
ကိုယ့်အနားမှာ အရင်းနှီးဆုံးသူစိမ်းလေးကို ရှိစေချင်သူပါ
လက်တွဲထားရင်းနဲ့ လမ်းခွဲခဲ့
လမ်းခွဲရင်းနဲ့ပဲ လက်ပြနှုတ်ဆက်ခဲ့ပါတယ်…

ဝေးခဲ့ပါပြီ
ငယ်စဉ်က အတိတ်တွေနဲ့
ရွှေဝါရောင်အိပ်မက်တွေဟာ

ထပ်မတွေ့ချင်တော့ပါဘူး
စိတ်ကူးနဲ့ လက်တွေ့မအပ်စပ်တဲ့သူမျိုးတွေနဲ့

ဒီနံပါတ်ကိုခေါ်ပါ ဒီနေရာမှာ ကိုယ်ရှိချင်မှရှိနေနိုင်မယ်
လူကြီးမင်းက ဆက်သွယ်မှုဧရိယာပြင်ပကို ရောက်ချင်ရောက်မယ်
ဆက်သွယ်မထားတာမျိုးလဲ ဖြစ်နိုင်တယ်
ဒီနံပါတ်ကိုပဲ ခေါ်လိုက်ပါ
ကိုယ်ရှိချင်ရှိမယ် ကိုယ်မရှိချင်မရှိဘူး
ကျိန်းသေတွက်လို့ မရတဲ့အထဲ ဖုန်းဆက်ခြင်းပါမယ်ဆို
တယ်လီပသီနည်းနဲ့သာ ကိုယ့်ကိုဆက်သွယ်လိုက်ပါ....

ပြည့်စုံ
(၁၀း၀၁ am၊ ၂၃-၁၁-၂၀၁၁)